၂ ထပ်ကွမ်းရင်ဆိုင်မယ့် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
ဆီးချိုဟာ ကြောက်စရာကောင်းတဲ့ ရောဂါမှန်း လူတော်တော်များများ သိကြမှာပါ။ ဆီးချိုရောဂါဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် မထိန်းညှိနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးပေါင်းများစွာကြောင့်လည်း ကြောက်စရာကောင်းနေတာ ဖြစ်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ ရုတ်တရက် ဖြစ်နိုင်တဲ့ ဆိုးကျိုးနဲ့ နာတာရှည်ဖြစ်တဲ့ ဆိုးကျိုးတွေဆိုပြီး နှစ်မျိုးရှိပါတယ်။
ရုတ်တရက် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ…
- သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းခြင်း - ချွေးစေးထွက်တာ၊ ရင်တုန်တာ၊ ဖြူဖျော့လာတာ၊ အမြင်ဝါးလာတာ၊ မောပန်းအားကုန်နေတာ၊ ကတုန်ကယင်ဖြစ်တာ၊ တက်တာ၊ သတိလစ်တာကနေ အချိန်မီ မကုသနိုင်ရင် သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
- သွေးတွင်းသကြားဓာတ် အလွန်အမင်း မြင့်တက်ခြင်း - ရေဆာတာ၊ မကြာခဏ ဆီးသွားချင်တာ၊ ဗိုက်အောင့်တာ၊ အသက်ရှူမြန်နှလုံးခုန်မြန်တာမျိုးကနေ DKA ဝင်ပြီး အသက်အန္တရာယ်ရှိတဲ့ထိ ဖြစ်နိုင်ပါတယ်။
- Hyperosmolar Hyperglycaemic State - သွေးတွင်းသကြားဓာတ် အလွန်မြင့်မားပြီး ရေဓာတ်ဆုံးရှုံးမှု အလွန်များကာ ကျောက်ကပ်ပျက်စီးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
- Diabetic ketoacidosis (DKA) - အင်ဆူလင်ချို့တဲ့မှုကြောင့် သွေးတွင်းသကြားဓာတ် များရာကနေ Ketones လို့ခေါ်တဲ့ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ဆိုးကျိုးတစ်ခုပါ။
နာတာရှည်ဆိုးကျိုးများ…
- မျက်စိ/Diabetic Retinopathy - မြင်လွှာမှာ ရှိတဲ့ သွေးကြောတွေ ထိခိုက်ပျက်စီးပြီး အမြင်ဝါးတာ၊ အစက်အပြောက်တွေ မြင်ရတာ၊ မျောနေတဲ့ အရိပ်တွေ မြင်ရတာမျိုးကနေ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်ရင် အမြင်အာရုံ ဆုံးရှုံးတဲ့ထိ ဖြစ်စေပါတယ်။
- ခြေထောက် - ဆီးချိုကြောင့် အာရုံကြောတွေ ထိခိုက်ပျက်စီးပြီး ထုံကျဥ်နေတာကြောင့် သွားလာစဥ် ထိခိုက်ဒဏ်ရာ ရတာတွေကို သတိမထားမိတာ၊ ဆီးချိုက သွေးလှည့်ပတ်မှုကို နှေးစေလို့ သွေးစီးဆင်းမှု နည်းပြီး အနာမကျက်တာတွေကြောင့် ခြေထောက်ဖြတ်ရတဲ့ထိ ဖြစ်စေနိုင်ပါတယ်။
- အာရုံကြော - ဆီးချိုကြောင့် အာရုံကြောတွေ ထိခိုက်ပျက်စီးတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကြားက သတင်းပေးပို့မှုတွေ ခက်ခဲလာပြီး အကြားအာရုံ၊ အထိအတွေ့နဲ့ လှုပ်ရှားမှုတွေအပေါ် သက်ရောက်မှု ရှိလာပါတယိ။
- ကျောက်ကပ် - ဆီးချိုမထိန်းနိုင်တာ ကြာလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်လာပြီး ခန္ဓာကိုယ်ထဲမှာ အရည်တွေနဲ့ အဆိပ်အတောက်တွေ စုပုံလာပါလိမ့်မယ်။ နှစ်တွေ ကြာလာတဲ့အခါ ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။
- နှလုံး - သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် နှစ်တွေကြာလာတဲ့အခါ သွေးကြောတွေ ထိခိုက်ပျက်စီးလာပြီး နှလုံးအမောဖောက်တာနဲ့ လေဖြတ်တာထိ ဖြစ်သွားနိုင်ပါတယ်။
- ခံတွင်းနဲ့ သွားဖုံးရောဂါများ - သွေးတွင်းသကြားဓာတ် များနေတဲ့အခါ တံတွေးမှာလည်း သကြားဓာတ်တွေ များနေတတ်ပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်စေကာ သွားရဲ့ အပေါ်ယံကြွေလွှာနဲ့ သွားဖုံးကို ထိခိုက်ပျက်စီးစေပါတယ်။ ဆီးချိုက သွားဖုံးရှိ သွေးကြောတွေကိုလည်း ထိခိုက်ပျက်စီးစေလို့ ရောဂါပိုးတွေ ပိုမိုဝင်ရောက်စေပါလိမ့်မယ်။
- ကင်ဆာ - ဆီးချိုရှိတဲ့အခါ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများသလို ကင်ဆာကုသမှု ခံယူစဥ်မှာ ကိုယ်ခံအားကျပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခက်ခဲတတ်ပါတယ်။
- လိင်နဲ့ပတ်သက်တဲ့ ပြဿနာများ - ဆီးချိုကြောင့် အမျိုးသမီးတွေမှာ လိင်စိတ်ခံစားမှု မရှိတော့တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ အမျိုးသားတွေမှာ ပန်းသေတာ၊ လိင်အင်္ဂါမထောင်မတ်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ဆီးချိုဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်လို့ မပေါ့ဆသင့်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် အခုပြောခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမှာမို့ ပုံမှန်စစ်ဆေးမှု ခံယူခြင်း၊ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ခြင်း၊ နေ့စဥ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေ ကင်းဝေးအောင် ကြိုးစားလိုက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်